Friday, December 14, 2007

အမျိုးဂုဏ်၊ ဇာတိဂုဏ်ဟူသည်

လူမျိုးဟူသော ဝေါဟာရကို “အမျိုးအနွယ်တစ်ခုတည်းမှ ပေါက်ဖွားလာသော ဓလေ့ထုံးတမ်းစသည့်တူသော လူစု” ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့တွင် မျိုးနွယ်အလိုက် ခေတ်အဆက်ဆက် တည်ရှိခဲ့သော စွမ်းဆောင်ချက်များ၊ ဂုဏ်သိက္ခာများသည် အမျိုးဂုဏ်များဖြစ်သည်။
“ဇာတိ” ဟူသည် ပါဠိဝေါဟာရဖြစ်သည်။ “ဖြစ်ခြင်းဘ၀”၊ “မွေးဖွားခြင်း”၊ မွေးဖွားရာအမျိုး” ဟု တိုက်ရိုက်အနက် ရပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ မွေးဖွားရာဒေသဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် မြန်မာတို့၏ ဇာတိပင် ဖြစ်သည်။
အမျိုးသားကောင်းတို့သည် အသက်သေဆုံးသည့်တိုင် မိမိတို့၏ အမျိုးဂုဏ်နှင့် ဇာတိဂုဏ်ကို မစွန့်ဘဲ ထိန်းသိမ်း ကြသည်။ စင်စစ် “အမျိုးဂုဏ်၊ ဇာတိဂုဏ်” ဟူသည် နိုင်ငံနှင့် လူမျိုးတို့၏ အသက်ဝိညာဉ်ဖြစ်သည်။
မြန်မာ့သမိုင်းကြောင်းတွင်-
“ မြန်မာတို့သည် သတ္တိရှိသည်၊ ဇွဲနပဲကြီးသည်၊ စိတ်ရှည်သည်၊ သည်းခံသည်၊ ခွင့်လွှတ်တတ်သည်၊ စိတ်ဆိုး လျှင် ခဏသာဖြစ်သည်။ ကျေအေးလွယ်သည်။အငြိုးကြီးသူမဟုတ်၊အာဃာတကြီးသူုများမဟုတ်၊ လက်စားချေ တတ်သူများမဟုတ်။ သို့သော် ညှာလွယ်သူများမဟုတ်။ အမျိုးကို စောင့်ရှောက်သည်။ ကိုယ့်အမျိုးကို ချစ်သည်။” ဟူသော အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားရေးလက္ခဏာများဖြင့် ပြည့်စုံသူတို့ဖြစ်ကြသည်။ စင်စစ် မြေပြို၍ လည်း နိုင်ငံမပျောက်နိုင်၊ မြေမြို၍လည်း လူမျိုးတစ်ခုလုံး မပျောက်နိုင်ပေ။ အမျိုးအနွယ်ကို မထိန်းသိမ်းမစောင့် ရှောက်နိုင်မှသာ နိုင်ငံလည်းသုန်း။ လူမျိုးလည်းပြုန်းလိမ့်မည်။ လူသားချင်းတူသော်လည်း မျိုးချစ်စိတ်ရှိသူနှင့် အမေကျော် ဒွေးကျော် လွမ်းချင်သူတို့ အလှမ်းဝေးလှသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ မတိမ်ကော၊ မပျောက် ပျက်ဘဲ ဆထက်ထမ်းပိုး တိုး၍တိုး၍သာ ကြိုးစားသင့်သည် မဟုတ်ပါလော့။

Friday, December 7, 2007

အတွေးအမြင်

သင်သည် တိုင်းပြည်က သင်အတွက်ဘာလုပ်ပေးနိုင်သလဲ မမေးပါနှင့်၊ သင်က တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲဟုသာ မေးပါ။