Wednesday, December 30, 2009

သက်ဆိုင်သူသို့

လူတစ်ယောက်ကို နှစ်သက်တာ
အနားရှိနေမှ မဟုတ်ပါဘူး။
ဘယ်နေရာမှာပဲ ရှိနေပါစေ
မေတ္တာသာစစ်ခဲ့ရင်
နင်ဟာ ငါရဲ့ အနက်ရှိုင်းဆုံးနေရာမှာ
အမြဲထာဝရ မပြောင်းလဲပဲ ရှိနေမှာပါ။
နင် သွားနေတဲ့လမ်းကို
ငါ ဘယ်တော့မှတားမှာ မဟုတ်လို့
နင့်လမ်းကို နင် ဆက်သွားပါ။
ဒါပေမယ့်... နင် သွားနေတဲ့လမ်းမှာ
ဝမ်းနည်းမှုတွေ၊ နာကျင်မှုတွေ ရှိနေမယ့်ဆိုရင်
နင်ကို အမြဲတမ်းသတိရနေတဲ့
ငါကို ပြေးမြင်လှည့်ပါ။
နင့်ရဲ့ ၀မ်းနည်းမှုတွေ၊ နာကျင်မှုတွေကို
ကုစားမပေးနိုင်ပေမယ့်
နင်နဲ့ ထပ်တူမျှဝေ ခံစားပေးမှာပါ။
နင်သွားနေတဲ့လမ်းမှာ
နင် ပျော်နေတယ်ဆိုရင်
ငါကို မေ့ထားပါ။
ဒါပေမယ့်... တစ်စုံတစ်ဦးကြောင့်
နင့်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ
နာကျင်မှုတွေ ရလာမယ့်ဆိုရင်
နင်နဲ့ ထပ်တူထပ်မျှ နာကျင်နေတဲ့
သူတစ်ယောက်ရှိတယ်ဆိုတာ
နင် သတိရလိုက်ပါ။
ကမ္ဘာမြေရဲ့ တစ်နေရာမှာ
နင်တစ်ယောက် ပျော်ရွှင်စွာနဲ့
အသက်ရှင်နေထိုင်နေတယ်ဆိုရင်ပဲ
ငါ ကျေနပ်ပါပြီ။ ။

Wednesday, November 18, 2009

နားလည်မှုနဲ့အလှဆင်မယ်

ကျွန်မတို့ လူ့လောက၊ လူ့ဘောင်တွင် နေထိုင်ကြသူများအနေဖြင့် လူမှုဆက်ဆံရေးနှင့်ပတ်သက်ပြီး အထင်လွဲ၊ အမြင်လွဲစရာများ ကြုံရတတ်ပါသည်။ တစ်ခါတစ်လေ တစ်ဖက်လူမှ ဘာမှမသိရပဲ အထင်လွဲစရာ များ ဖြစ်သွားသည်လည်းရှိပါသည်။ အထူးသဖြင့် လမ်းသွားရင် သူငယ်ချင်းများနှင့်ဆုံကြသည့်အခါမျိုးတွင် ထိုအထင်လွဲစရာများ ဖြစ်လာရပါသည်။ သူကလည်း သူ့အတွေးနှင့် သူလာနေတဲ့အချိန်မျိုးမှာ ကိုယ်က နှုတ်ဆက်လိုက်တဲ့အခါ ပြုံးပြဖို့ မေ့နေကောင်း မေ့နေလိမ့်မယ်။ ဒါမှမဟုတ် ရုပ်တည်ကြီးနှင့် ပြန်ကြည့်နေ ကောင်း ကြည့်နေလိမ့်မယ်။ ထိုအခါမျိုးတွင် နှုတ်ဆက်သူ၏စိတ်ထဲမှာ ငါကတော့ ကိုယ့်သူငယ်ချင်းတွေ့လို့ ဝမ်းသာအားရနဲ့ နှုတ်ဆက်လိုက်ရတာ၊ သူမှာတော့ ပြန်ပြုံးပြဖော်တောင် မရဘူးဆိုပြီး အထင်လွဲစရာများ ဖြစ်သွားသည့်အပြင် သူငယ်ချင်းအချင်းချင်း အဖုအထစ်များရှိသွားတတ်ပါသည်။ ထိုသို့ကြုံလာခဲ့မည်ဆိုလျှင် သူတို့ရဲ့ စိတ်ထဲမှာ၊ သူတို့ရဲ့အနက်ရှိုင်းဆုံးနေရာမှာ နာကျင်မှု၊ ဝမ်းနည်းမှု၊ သောကတွေ ရှိနေလို့ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်လို့ နားလည်ပေးလိုက်ပါ။ ကိုယ့်ကိုယ်တိုင်လည်း တစ်ခါတစ်လေ အဲဒီလို ဖြစ်မိကောင်း ဖြစ်ခဲ့မယ်လို့ တွေးပေးပါ။

တစ်နေပေါ့ ကျွန်မဝယ်စရာလေးရှိတာနဲ့ City Market သို့ထွက်လာခဲ့တယ်။ ကျွန်မလည်း လိုအပ်တာ လေးတွေဝယ်ပြီး ငွေရှင်းဖို့ ကောင်တာကို လာခဲ့တယ်။ ဒါပေမဲ့ ကောင်တာမှာ လူတွေများနေလို့ တန်းစီနေရ တယ်။ အဲဒီလို တန်းစီနေချိန်မှာ ကောင်တာမှာရှိတဲ့ အရောင်းစာရေးမလေးတစ်ယောက်ဟာ ဈေးဝယ်သူတွေကို လုံးဝမပြုံးပြဘူး။ ယဉ်ယဉ်ကျေးကျေးဆက်ဆံလည်း သူက စကားပြန်မပြောဘူး။ ကျွန်မအနေနဲ့ ငါ့အလှည့် ရောက်ရင်တော့ ဈေးဝယ်တဲ့သူတွေကို ဘာထင်လဲလို့ သူကိုပြောပစ်လိုက်မယ်လို့ တွေးနေမိတယ်။ ဒါပေမယ့် ကျွန်မရှေ့မှာရှိနေတဲ့အန်တီကြီးက သူမကို ချဉ်းကပ်သွားတာ တစ်မျိုးပဲ။ သမီးလေး ကြည့်ရတာ တစ်နေကုန် ပင်ပန်းနေပုံရတယ်လို့ စကားစ၍ အန်တီကြီးက ပြောလိုက်တယ်။ သူမက မျက်ရည်လေးဝဲပြီး မနေ့ကပဲ သမီးရဲ့အမျိုးသားအလုပ်ပြုတ်သွားတယ်။ ဒီနေ့သမီးမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိရတယ်လို့ ပြန်ပြောခဲ့ တယ်။ သမီးရယ်… ဝမ်းနည်းမနေပါနဲ့။ သူ့ဟာသူဖြစ်သွားမှာပါ။ မပူပါနဲ့လို့ အန်တီကြီးက အားပေးနှစ်သိမ့် ခဲ့တယ်။ ကျွန်မအလှည့်ရောက်တဲ့အခါ အရောင်းစာရေးမလေးရဲ့ မျက်နှာကို ကြည့်လိုက်တော့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်နေပေမယ့် ကျွန်မကို ပြုံးပြနေတယ်လေ။ ကျွန်မလည်း စောစောက ကျွန်မရဲ့စိတ်စောမှု၊ သည်းမခံတတ်မှုတွေကို တွေးမိပြီး ရှက်နေမိတယ်။ လူတွေဟာ တစ်စုံတစ်ယောက်ရဲ့အားပေးနှစ်သိမ့်မှုကို အမြဲတမ်းလိုအပ်နေတယ်ဆိုတာ ကျွန်မသိလိုက်ရတယ်။ လူတွေဟာ သူတို့ရဲ့ဘဝမှာ ဝမ်းနည်းစရာ၊ နာကြည်း စရာများ ကြုံနေတဲ့အချိန်မှာ အရာတိုင်းကို လျစ်လျူရှုမိတတ်ကြတယ်။ လူတွေဟာ ငါ့ကို ဒုက္ခပေးချင်လို့ ရိုင်းစိုင်းပြီး သိမ်ဖျင်းနေကြတာ မဟုတ်ဘဲ သူတို့ပြဿနာနဲ့၊ သူတို့အပူနဲ့၊ သူတို့သောကနဲ့ ခံစားနေကြရလို့ မပြုံးနိုင်ကြကြောင်း အသိတရားပေးလိုက်တယ်။ Supermarket မှာ မျက်နှာရှစ်ခေါက်ချိုးနဲ့ လမ်းလျှောက်နေတဲ့ အန်တီကြီးဟာ သူ့သားရဲ့ ဂျီကျမှုကို ခံနေရလို့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ အမျိုးသမီး တစ်ဦးကို မြင်ရတဲ့အခါ ဘိုင်အိုစီ(Biopsy) စမ်းသပ်စစ်ဆေးခံထားရလို့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ရိုင်းစိုင်းသောယဉ်မောင်း တစ်ဦး၏ အပြုအမူဟာ သူ့ဆွေမျိုးတစ်ယောက် အရေးပေါ်ဆေးရုံပို့လိုက်ရလို့ အမြန်မောင်းသွားတာဖြစ် ကောင်း ဖြစ်နိုင်တယ်။ Supermarket ထဲမှာ ကလေးတစ်ယောက်နဲ့ အော်ငိုနေတဲ့ အမျိုးသမီးဟာ ကျွန်မရဲ့ အပြုံးနှင့် ကျွန်မရဲ့ကြင်နာတဲ့စကားသံတွေကို လိုနေလို့ဖြစ်ကောင်းဖြစ်လိမ့်မယ်။ တစ်နေ့လုံးမှာ ဒီတစ်ကြိမ်ပဲ ချိုသာသောအသံနှင့် အပြုံးကိုရရှိတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

လူတိုင်းလူတိုင်းမှာအခက်အခဲကိုယ်စီရှိသလို၊ မတူညီတဲ့ စိတ်သောကတွေလည်းရှိတတ်ကြပါတယ်။ ပြည်စုံပါတယ်လို့ပြောရတဲ့သူမှာတောင် စိတ်ဆင်းရဲမှုတစ်ခုရှိနေတတ်ပါတယ်။ တစ်ခါတစ်ရံ အခန့်မသင့်လို့ အမှားတစ်ခုလုပ်မိကြရင် နားလည်မှုထားပြီးခွင့်လွှတ်ပေးစေချင်ပါတယ်။ လူတိုင်းဘယ်သူမှ အမှားမကင်းကြပါ ဘူး။ လူတိုင်းတစ်ဦးအပေါ်တစ်ဦးနားလည်မှုထားပြီး ဆက်ဆံကြည့်စေချင်ပါတယ်။ နားလည်မှုတည်ဆောက် ခြင်းဟာ မလွယ်ကူပေမဲ့ ကြိုးစားကြည့်စေချင်ပါတယ်။ သူငယ်ချင်းတို့ရေ… နားလည်မှုတွေနဲ့ ကမ္ဘာကြီးကို အလှဆင်ကြပါစို့လား။ ။

ဆောင်းနှင်းဖြူ

Monday, November 2, 2009

Happy Birthday !!!

As soon as I wake up,
I walk to the window.
I open it.
I see the sun.
I smile sweetly looking at the sun and
I say, " Happy Birthday "
I always remember you where you are.
2/11/2009

Saturday, July 18, 2009

ပိုင်ရှင်မဲ့ကဗျာ

မထင်မှတ်ထားတဲ့ အချိန်
မမျှော်လင့်ထားတဲ့ နေရာမှာ
မဆုံနိုင်တော့ဘူးလို့
ထင်ထားတဲ့ မင်းကို
ရုတ်တရက် ငါပြန်တွေ့ရတော့
ငါ့ရင်မှာ ပန်းပေါင်းစုံဖူးပွင့်သလို
ပျော်ရွှင်ခြင်း အသင်္ချေနဲ့ပေါ့
မင်းဟာငါ့ကိုထားခဲ့ပြီး
ထွက်သွားမယ်လို့ မတွေးမိပဲ
အပျော်တွေ တစ်ပွေ့တစ်ပိုက်နဲ့လေ။
တစ်ကယ်တမ်းကြတော့….
နှုတ်ဆက်ထွက်ခွာသွားတဲ့
မင်းရဲ့ကျောပြင်ကို
ငါမျက်ရည်တွေနဲ့
ရပ်ကြည့်နေခဲ့ရတာပါပဲ။
အမှန်တစ်ကယ် ငါပိုင်ဆိုင်ခဲ့တာက
ပျော်ရွှင်ခြင်း နတ္ထိ
ဝမ်းနည်းခြင်း တစ်ပွေ့တစ်ပိုက်နဲ့
မျက်ရည်ပေါင်း အသင်္ချေ။
နာကျင်မှု အနန္တ
မျှော်လင့်ချက်က သုည
သုညအောက်က သုည
သုညပေါင်း ကုဋေကုဋာရယ်ပါ။ ။
ဆောင်းနှင်းဖြူ ( 20/6/09 )

Wednesday, July 15, 2009

အချစ်ဆိုတာ

အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ပြောကြရင်
မင်းအတွက် ပေးဆပ်ခဲ့တာ
ဘာတစ်ခုမှ မရှိခဲ့ဘူး။
အချစ်ဆိုတာ ရယူခြင်းလို့ ပြောပြန်တော့
မင်းကို ရယူဖို့လည်း
ငါတစ်ခါမှ မကြိုးစားခဲ့ဘူး။
မင်းရဲ့ဂရုစိုက်မှုကို
လိုချင်ခဲ့တာပဲရှိတယ်။
အချစ်ဆိုတာ စွန့်လွှတ်ခြင်းလို့ပြောတော့လည်း
မင်းကို စွန့်လွှတ်ဖို့
ငါတစ်ခါမှ စိတ်မကူးခဲ့ဘူး။
မင်းထားခဲ့ရင် နေခဲ့ဖို့ပဲ
စိတ်ကူးရှိတယ်။
ဒါပေမဲ့…………………….
ငါ့အနားက မင်းထွက်သွားတဲ့အချိန်မှာ
ငါတန်ဖိုးအထားဆုံး အရာတစ်ခု
ဆုံးရှုံးသွားတာထက် ပိုခံစားရတယ်။
ငါ့မှာ မင်းနဲ့ပတ်သက်လို့
မျက်ရည်မှတစ်ပါး
ပိုင်ဆိုင်ခဲ့တာ ဘာတစ်ခုမှမရှိခဲ့ဘူး။
ငါ့အတွက် မျှော်လင့်ချက်လေး
တစ်စုံတစ်ရာတောင်
မပေးခဲ့တဲ့ မင်းကို
အချိန်တိုင်းမဟုတ်ပေမယ့်
နေ့တိုင်းသတိရ၊ လွမ်းနေမိတယ်။ ။
ဆောင်းနှင်းဖြူ

Friday, May 1, 2009

''.......................''

နင်ကို ငါသတိရနေတဲ့အချိန်
နင်က တစ်ခြားတစ်ယောက်ကို
သတိရနေကောင်း သတိရနေလိမ့်မယ်။
နင်ကို ငါလွမ်းနေတဲ့အချိန်မှာ
နင်က တစ်ခြားတစ်ယောက်ကို
လွမ်းနေကောင်း လွမ်းနေလိမ့်မယ်။
နင်ကြောင့် ငါငိုခဲ့ရသလို
တစ်ခြားတစ်ကြောင့်
နင် ငိုခဲ့ရကောင်း ငိုခဲ့ရလိမ့်မယ်။
နင်အကြောင်း စဉ်းစားမိတဲ့အခါ
ငါ နာကျင်ရသလို့
တစ်ခြားတစ်ယောက်အတွက်
နင် နာကျင်ရကောင်း နာကျင်ရလိမ့်မယ်။
နင့်စိတ်ထဲမှာ တစ်ခြားတစ်ယောက်ရှိတာ သိနေပေမယ့်
နင့်ကို မမေ့နိုင်တဲ့
ငါရဲ့ စိတ်ကို မုန်းနေမိတယ်။
ဒါပေမယ့်…နင့်နှလုံးသားတစ်ထောင့်တစ်နေရာမှာ
ငါ မရှိခဲ့ဘူးဆိုရင်
ငါ့ရဲ့ နောက်ဆုံးထွက်သက်ထိ
နင်နဲ့ငါ ပြန်လည်တွေ့ဆုံခွင့် မရပါစေနဲ့လို့
နောက်ဆုံးအနေနဲ့
နာကျင်စွာ ဆုတောင်းနေမိတယ်။
‘ အရှုံးတွေနဲ့ ငိုနေတဲ့ ငါကို
မမြင်စေချင်လို့ပါ ’ ။ ။

ဆောင်းနှင်းဖြူ

Thursday, April 30, 2009

ဟန်ဆောင်အပြုံးရဲ့အနောက်မှာ ငါ နာကျင်စွာငိုနေပါတယ်

ကျွန်မဘ၀မှာ ကျွန်မအကြောက်ဆုံး တစ်ခုရှိတယ်။ အဲ့ဒါက ကျွန်မချစ်တဲ့သူတွေ ကျွန်မကို ခွဲခွာသွားမှာကို ကျွန်မအကြောက်ဆုံးပဲ။ ကျွန်မလေ ကလေးဘ၀ထဲက အခုထိ ဘုရားမှာ ဆုတောင်းရင် အမြဲတမ်းဆုတောင်းမိတာ တစ်ခုက (ကျွန်မ ချစ်တဲ့သူတွေ ကျွန်မကို မခွဲခွာသွားမီ ကျွန်မ အရင်လူလောကကြီးမှ ထွက်ခွာသွားရပါလို့၏ ) လို့ အမြဲတမ်းဆုတောင်းတယ်။ ကျွန်မ အဘွားက ကျွန်မကို (သမီးလေး ဘုရားရှိခိုးတဲ့အခါ ဘာဆုတောင်းလဲလို့ ကျွန်မကို မေးတယ်)။ ကျွန်မဆုတောင်းကို ပြောပြတဲ့အခါ အဘွားက သမီးလေး အဲ့ဒီလို့ ဆုမတောင်းကောင်းဘူးတဲ့။ ဒါပေမယ့်လည်း ကျွန်မဆက်ပြီး ဆုတောင်းနေမိတယ်။ ကျွန်မကို ထားခဲ့မှာ အရမ်းကြောက်တယ် လေ။ နောက်ဆုံးတော့ ကျွန်မချစ်တဲ့သူတွေက ကျွန်မကို သေကွဲသော်လည်းကောင်း၊ ရှင်ကွဲသော် လည်းကောင်း ခွဲခွာသွားကြတာပဲလေ။ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် လူတွေမှာ ၀မ်းနည်း ခြင်း၊ ဆုံးရှုံးခြင်း၊ စိုးရိမ်ကြောင့်ကြရခြင်း၊ ပူပင်သောကတွေဆိုတာ ဘယ်ရှိတော့မလဲနော်။
အခုဆို လူတစ်ယောက် ကျွန်မကို ခွဲခွာသွားတော့မယ်ဆိုတာ ကြိုသိနေပေမယ်လည်း တကယ်တမ်းခွဲခွာသွားတော့ ကျွန်မခံနိုင်ရည်မရှိခဲ့ဘူး။ ကျွန်မ မငိုတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ အဲ့ဒီလူနဲ့ ပတ်သက်တဲ့အကြောင်းတွေ ပြန်စဉ်းစားမိတဲ့အခါ မျက်ရည်တွေက သူအလိုလိုကျလာ တော့တာပဲ။ ကျွန်မရဲ့ရင်ထဲမှာ နာကျင်မှုတွေနဲ့ပဲ ပြည့်နေတယ်လေ။ အဲ့ဒီနာကျင်မှုတွေကလည်း သူပေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်မဘာသာရယူနေတာပါ။
လူတွေဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာမို့လား။ တစ်ချို့ကြတော့ မျှော်လင့်ချက်အကြီးကြီးထားကြတယ်။ တစ်ချို့ကြတော့လည်း အလယ်အလတ် ပေါ့။ တစ်ချို့ကြတော့ မျှော်လင့်ချက်သေးသေးလေးပဲရှိတယ်လေ။ အဲ့ဒီလို့မျှော်လင့်ချက်သေးသေး လေးထားတဲ့အထဲမှာ ကျွန်မလည်းပါတယ်လေ။ အဲ့ဒီမျှော်လင့်ချက်သေးသေးလေးက ကျွန်မဘ၀ အတွက်တော့ အရမ်းအရေးကြီးတယ်လေ။ ကျွန်မဘ၀မှာ အမှတ်တရလေးတစ်ခု ရှိနေချင်လို့ပါ။ ဒါပေမယ့်လည်း အဲ့ဒီမျှော်လင့်ချက်သေးသေးလေးတောင် ကျွန်မ မရခဲ့ပါဘူး။ အဲ့ဒါက ဘာလဲဆိုရင်..................................။
ကျွန်မအရမ်းကို အလေးထားရတဲ့လူတစ်ယောက် ခရီးသွားတယ်လေ။ ကျွန်မ သူကို လက်ဆောင်လေးတစ်ခုမှာလိုက်မီတယ် ( တန်ဖိုးကြီးကြီးလည်း ကျွန်မ မမှာပါဘူး)။ လက်ဆောင် လေးဆိုရင်ပဲ တော်ပါပြီ ( ကျွန်မ သူ့ဆီက လက်ဆောင်ကို အရမ်းကို လိုချင်လို့ အရဲ့စွှန့်ပြီး မှာလိုက်တာ)။ ကျွန်မမှာ အမှတ်တရလေး ရှိနေချင်လို့ပါ။ သူ့အတွက်လည်း ကျွန်မ လက်ဆောင် လေး ပြန်ဝယ်ထားမိတယ်။ ကျွန်မကိုပေးရင် ကျွန်မပြန်ပေးမယ်ပေါ့။ သူ့မှာလည်း အမှတ်တရ လေးရှိနေစေချင်တယ်လေ။ ကျွန်မအတွက် ဘာလေးဝယ်လာမလဲဆိုတဲ့အတွေးနဲ့ ကျွန်မ အရမ်း ကို ပျော်နေပြီး မျှော်လင့်နေမိတယ်။ ဒါပေမယ့် တကယ်တမ်းကြတော့ ကျွန်မအတွက် ပါမလာ ခဲ့ဘူး။ ကျွန်မ မေးတဲ့အခါ ပြန်ဖြေတဲ့အဖြေက အရမ်းကို ပေါ့လွန်းတယ်။ ကျွန်မအရမ်းကို ၀မ်းနည်း ခဲ့ရတယ်။ ကျွန်မဒီလောက် အလေးထားရတဲ့ လူတစ်ယောက်က ကျွန်မကို လက်ဆောင်သေးသေး လေးပေးရမှာတောင် အရမ်းကို ၀န်လေးနေတယ်လေ။ နောက်ဆုံးအနေနဲ့ လက်ဆောင်လေး တစ်ခုတောင် ငါကို မပေးချင်ပါလားဆိုတဲ့ အတွေးနဲ့ ကျွန်မငိုခဲ့ရတယ်လေ။ ဒါပေမယ့် ကျွန်မ သူကို စိတ်မဆိုးခဲ့ပါဘူး။ သူ့အကြောင်းကိုသိရက်နဲ့ မှာလိုက်တဲ့ ကိုယ်ကို့ကို အရမ်းစိတ်ဆိုး မိတယ်။ တကယ်လို့ ပါမလာခဲ့ရင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုတာ သိရက်နဲ့ မှာလိုက်တဲ့ ကိုယ်ကို့ကိုလည်း အရမ်းစိတ်ဆိုးတာပဲ။ အခုဆို သူ့အတွက်ဝယ်ထားတဲ့ အမှတ်တရလေးဟာ ကျွန်မအတွက် အမှတ်တရဖြစ်နေပြီလေ။
ကျွန်မအကြောက်ဆုံးဖြစ်တဲ့ ခွဲခွာခြင်းကိုလည်း ကျွန်မကြုံနေရပြီလေ။ ကျွန်မ ဆုတောင်း တွေ ဘာတစ်ခုမှ မပြည့်ခဲ့ပါဘူး။ ကြယ်ကြွေတာမြင်ရင် ပျော်နေတတ်တဲ့ ကျွန်မ။ အခု ကျွန်မ ဒီ article လေး ရေးနေတဲ့အချိန်မှာ ကြယ်တစ်လုံးကြွေကျသွားတာ ကျွန်မ လှမ်းမြင်လိုက်ပေမယ့် အရင်လို့ မပျော်မိတော့ဘူး။ ကြယ်လေးကြွေကျသွားတာကို ကြည့်နေရင် ကျွန်မရဲ့ပါးပြင်ကို ပြန်စမ်းမိတဲ့အခါ မျက်ရည်တွေနဲ့ ပြည့်နေပြီလေ။ ကြယ်ကြွေတာမြင်နေပေမယ်လည်း သူနဲ့ပတ်သက်ပြီး ကျွန်မ ဆုတောင်းနေကြ စကားလုံးတွေ တကယ်ကို ပျောက်နေပြီလေ။ ကျွန်မ ဆုမတောင်းရဲ့ တော့ဘူး။
အခုဆို ကျွန်မ ပျော်ချင်ယောင်ဆောင်နေတတ်ပြီလေ။ အဲ့ဒီအပျော်ရဲ့ နောက်ကွယ်မှာ နာကျင်မှုတွေနဲ့ ပြည့်နေတာ ကျွန်မက လွဲလို့ ဘယ်သူက သိနိုင်မှာလဲ...........။

ဆောင်းနှင်းဖြူ

Saturday, February 21, 2009

ခေါင်းစဉ်မတပ်တတ်သော ကဗျာ

မင်းရင်ထဲမှာ ၀မ်းနည်းမှုတွေ ရှိနေရင်
မင်းကို ပျော်စေချင်တဲ့
လူတစ်ယောက်ရှိနေတယ်ဆိုတာ
သတိရပြီး
ပျော်ပျော်နေပါနော်။
မင်းဘ၀မှာ အလိုချင်ဆုံးအရာတွေ
ဆုံးရှုံးခဲ့ပြီဆိုရင်
မင်းကို အမြဲတမ်းသတိရ၊ လွမ်းနေမယ့်
လူတစ်ယောက်ရှိတယ်ဆိုတာ သတိရပြီး
အားမငယ်ပါနဲ့နော်။
မင်း အထီးကျန်ဆန်တယ်လို့
ခံစားလာရတဲ့အခါ
မင်းကို ဆီကြိုနေမယ့်
လူတစ်ယောက်ရှိတယ်ဆိုတာ
သတိရပြီး ပြေးလာခဲ့ပါနော်။
မင်းသွားတော့မယ်ဆိုရင်
နောက်ဆုံးအနေနဲ့
ငါကို နှုတ်ဆက်ဖို့ မမေ့ပါနဲ့နော်။
အခုတော့ မင်းကို ငါ့စွန့်လွှတ်လိုက်ပြီ
ဒါပေမယ့် မေ့လိုက်တာတော့ မဟုတ်ဘူးနော်။ ။
ဆောင်းနှင်းဖြူ

Saturday, February 14, 2009

တိတ်တဆိတ်ပျောက်ကွယ်သွားသော ကြယ်လေးတစ်ပွင့်

ကျွန်မနာမည်က ကြယ်လေးလို့ ခေါ်တယ်။ ကျွန်မရဲ့ နာမည်ရင်းတော မဟုတ်ပါဘူး။ ကျွန်မ သဘောကျ လို့ ကျွန်မကိုယ်တိုင်း ပေးထားတဲ့ နာမည်လေးပါ။ ကျွန်မက ကြယ်လေးတွေကို အရမ်းသဘောကျတာ။ ညဘက်ဆို ရင် ကောင်းကင်မှ ကြယ်လေးတွေ ပြည့်နေတာမြင်ရင် စိတ်ထဲမှာ အလိုလိုပျော်နေမိတတ်တယ်။ ကျွန်မကြားဖူးတာ ရှိတယ်။ ကြယ်လေးတွေ ကြွေကျတာ မြင်လို့ ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့။ တစ်ချို့ပြောတာက ကြယ်ကြွေတယ်ဆိုတာ နတ်သား၊ နတ်သမီးတွေ နတ်သက်ကြွေတာတဲ့။ တစ်ချို့က ဥက္ကာပျံလေးတွေ ကြွေကျတာ တဲ့။ ဘာပဲဖြစ်ဖြစ်လေ ကျွန်မကတော့ ကြယ်လေးတွေ ကြွေကျတာမြင်ရင် အရမ်းပျော်တယ်။ ကြယ်လေးတွေ ကြွေကျတိုင်းလည်း သူနဲ့ပတ်သက်ပြီး ကျွန်မဆုတောင်းနေမိတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်မဘာတွေ ဆုတောင်းလဲ ဆိုတာကိုတော့ တစ်နေ့နေ့မှာ ကျွန်မ သူကို ပြောပြမှာပါ။ တစ်ခါတစ်လေကျရင် ကြယ်လေးစဉ်းစားမိတယ်။ ကြယ်လေး ကြယ်ကြွေတာမြင်ရင် ဆုတောင်းသလို့ သူရော ကြယ်ကြွေတာမြင်ပြီး ဆုတောင်းနေမလား။ ဘယ်လိုပဲ ဖြစ်ပါစေ ကြယ်လေး သူ့အတွက် အမြဲဆုတောင်းပေးနေမှာပါ။ ကြယ်လေးတွေ လင်းလက်နေတဲ့ ကောင်းကင်ကို ကြည့်နေရတာ ကျွန်မအရမ်းပျော်တယ်။ ပြီးတော့ အဲ့ဒီကောင်းကင်မှာပဲ ကျွန်မနာမည်ပေးထားတဲ့ သူနှစ်ယောက်ရှိသေးတယ်။ တစ်ခုက လမင်းကြီးလေ။ အဲ့ဒီလမင်းကြီးက ကိုကိုလို့ ကျွန်မ nickname ပေးထားတဲ့ လူတစ်ယောက်။ နောက်တစ်ခုက လမင်းကြီးအနားမှာ ရှိတဲ့ သောကြာကြယ်လေးပေါ့။ အဲ့ဒီ သောကြာကြယ်လေးက ကျွန်မပေါ့။ လမင်းကြီးနဲ့ သောကြာကြယ်လေးက သိပ်တော့ မနီးပါဘူး။ ဒါပေမယ့် သူတို့က နေရာတစ်ခုတည်းမှာ ဘေးချင်းကပ် ရပ်တည်နေကြတာလေ။ ကောင်းကင်ကြီးနဲ့ မြေကြီးလို့ မျက်နှာချင်းဆိုင် မြင်နေရပြီး ဝေးနေရတာ မဟုတ်ဘူးလေ။ ညဘက်ကောင်းကင်ကြီးမှာ လမင်းကြီးရယ်၊ သောကြာ ကြယ်လေးရယ်၊ တစ်ခြားကြယ်ကလေးတွေ အများကြီးရှိနေတဲ့ အချိန်ဟာ ကျွန်မပျော်နေတဲ့ အချိန်ပေါ့။ အဲ့ဒီလို့ အချိန်မျိုးဆိုရင် ပြတင်းပေါက်နားမှာ ထိုင်ပြီး အဲ့ဒီလူနဲ့ပတ်သက်တဲ့ ကဗျာလေးတွေ စပ်နေတတ်တယ်။ ပြီးတော့ သူ့အကြောင်းတွေကို တွေးနေတတ်တယ်။ အဲ့ဒီ ကိုကို ဆိုတဲ့လူနဲ့ပတ်သက်ပြီး သူ့ရဲ့အတိတ်ကိုလည်း ကြယ်လေး မသိချင်းသလို့ သူ့ရဲ့အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကိုလည်း မသိချင်း၊ မတွေးချင်းဘူး။ ဒါပေမယ့် ပစ္စုပ္ပန်မှာ သူကို ပျော်စေချင်တယ်။ ကြယ်လေး သူ့ကို ပျော်အောင်လုပ်ပေးချင်တယ်။ သူက အမြဲတမ်း ရုပ်တည်ကြီးနဲ့ နေတတ်တယ်။ ကြယ်လေးက သူပျော်နေတာကို အမြဲတမ်းမြင် ချင်တာ။ ဒါပေမယ့် ကြယ်လေးကိုယ်တိုင်ကလည်း အနေအေးတော့ သူကို ဘယ်လိုပျော်အောင် လုပ်ပေးရမလဲဆို တာကို ကြယ်လေး မသိဘူး။ အဲ့ဒီ ကိုကို ဆိုတဲ့လူကို ကြယ်လေးစသိတာကတော့..............
ကြယ်လေးမှာ လင်းလက်နဲ့ ဂျူးဂျူးဆိုတဲ့ ခင်ဖို့၊ ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းနှစ်ယောက် ရှိတယ်။ ကြယ်လေးတို့ သူငယ်ချင်း (၃) ယောက် ကွန်ပျူတာသင်တန်းတစ်ခု တက်ကြတယ်လေ။ အခုဆို ကြယ်လေးတို့ သင်တန်းတက်နေတာ နှစ်ပတ်ရှိနေပြီ။ ကြယ်လေးက ပတ်ဝန်းကျင်ကို သိပ်မကြည့်တတ်တဲ့အတွက် အခန်းထဲမှာ လူဘယ်နှစ်ယောက်ရှိလဲဆိုတာကို ကြယ်လေး သတိမထားမိပါဘူး။ ဒါပေမယ့် တစ်နေ့မှာ လူတစ်ယောက်ကို သတိထားမိဖို့ ဖြစ်လာခဲ့တယ်။ အဲ့ဒီနေ့က သင်တန်းကို ကြယ်လေးတစ်ယောက်တည်း လာခဲ့ရတယ်။ လင်းလက်နဲ့ ဂျူးဂျူးက သူတို့ကျောင်းကိစ္စတွေကြောင့် လိုက်မလာနိုင်ခဲ့ဘူး။ သင်တန်းကို ကြယ်လေး အစောကြီးရောက်သွားတယ်။ ဒါပေမယ့် ကြယ်လေးထက်စောတဲ့သူ ရှိနေတယ်။ သူက စက်တစ်လုံးမှာ ရုပ်တည်နဲ့ထိုင်နေပြီး ဘယ်သူကိုမှ ဂရုစိုက်တတ်တဲ့ ပုံလည်း မရဘူး။ ကြယ်လေးလည်း သူကို တစ်ချက်ကြည့်ပြီး ကြယ်လေးလုပ်စရာရှိတာတွေကို ဆက်လုပ်နေလိုက် တယ်။ နောက်နေ့တွေမှာ ကြယ်လေးလေ အဲ့ဒီလူကြီးကို သတိထားကြည့်မိလာတယ်။ အဲ့ဒီလူကြီးရဲ့ နာမည်ကို ကြယ်လေး ခုထိ မသိသေးဘူး။ အဲ့ဒါကြောင့် အဲ့ဒီလူကြီးကို ကိုကိုလို့ ကြယ်လေး လျှို့ဝှက်နာမည် ပေးလိုက်တယ်။ ကြယ်လေးတို့သူငယ်ချင်းတွေမှာ အကျင့်တစ်ခုရှိတယ်။ နာမည်ကို နာမည်အတိုင်းမခေါ်ပဲ လျှို့ဝှက်နာမည်ပေးပြီး ခေါ်တတ်ကြ တယ်။ သူတို့ရှေ့မှာ သူတို့အကြောင်း ပြောနေလည်း သူတို့မသိကြဘူး။ ဒီနေ့ ကြယ်လေးတို့ သူငယ်ချင်း (၃) ယောက် အခန်းထဲကို မ၀င်သေးပဲ အခန်းရှေ့မှာ ရပ်နေကြတယ်။ ကိုကိုလာနေတာကို ကြယ်လေး လှမ်းတွေ့နေရတယ်။ ကိုကိုက လမ်းလျှောက်ရင် ဘေးဘီဝဲယာကို မကြည့်တတ်။ သူ့ရှေ့မှာရှိတဲ့ မြေကြီးကိုပဲ ကြည့်သွားတာ။ ကိုကို အဲ့ဒီလို့ မြေကြီးကို ကြည့်သွားရင် ဘာတွေများ ကောက်ရထားဖူးသလဲလို့ တစ်ခါတစ်လေ ကြယ်လေး နောက်ချင်တယ်။ တစ်ခါတစ်လေ ကိုကို လန့်သွားအောင် ရှေ့ကနေ သွားခြောက်ချင်တယ်။ ဒါပေမယ့် ကြယ်လေးက ကိုကို့ကို ကြောက်တယ်။ ကြယ်လေး မလုပ်ရဲပါဘူး။ နောက်ရှိသေးတယ် ကိုကိုက အောက်ပုဆိုးစနှစ်ဘက်ကို ကိုင်ပြီး လမ်းလျှောက်တတ်တဲ့ အကျင့်ရှိတယ်။ တစ်နေ့ကျ ရင် အဲ့ဒီလို့ ပုဆိုးစနှစ်ဘက်ကို ကိုင်ပြီး လမ်းလျှောက်တာ ကြယ်လေးမကြိုက်တဲ့အကြောင်း ကိုကိုကို့ ပြောပြရအုံးမယ်။ ကိုကို အခန်းထဲဝင်သွားတော့ ကြယ်လေးတို့သူငယ်ချင်း (၃)ယောက် လည်း အခန်းထဲကို ၀င်လာကြတယ်။ ခဏနေတော့ ဆရာရောက်လာပြီး သင်တန်းပို့ချတယ်။ အခုဆို ကြယ်လေးတို့ သင်တန်းတက်တာ တစ်လကျော်နေပြီ။ အခန်းထဲက သင်တန်းဖော်တွေကို မျက်မှန်းတန်းမိလာတယ်။ နာမည်တွေတော့ မသိသေးဘူး။ ကိုကို့ကိုလည်း အခုထိနာမည် မသိသေးဘူး။ တစ်နေ့တော့ ဆရာက ကြယ်လေးကို ဒီစက်က ''..........'' သူ မလာဘူးလားလို့ မေးတယ်။ ကြယ်လေးလည်း ကိုကို့ မေးမှန်းသိပါတယ်။ အဲ့ဒါကြောင့် ခပ်အေးအေးအစ်ကိုကြီးကို ပြောတာလား ဆရာလို့ ကြယ်လေးပြန်မေးလိုက်တော့ '' သူက အေးလို့လား သမီးတဲ့ '' ။ ကြယ်လေးလည်း ဘယ်သိမလဲဆရာ ။ အေးတယ်ထင်လို့ ပြောတာပေါ့လို့ ဆရာကို စိတ်ထဲက ပြန်ပြောမိတယ်။ အပြင်မှာတော့ မပြောရဲပါဘူး။ ဒီလို့နဲ့ ၀ါဆိုလပြည့်နေ့ ရောက်လာခဲ့တယ်။ အဲ့ဒီ နေ့မှာ ဆရာက သူ့အိမ်မှာ ၀ါဆိုသင်္ကန်းကပ်လို့ ကြာဆံချက် ကျွေးတယ်ဆိုပြီး ကြယ်လေးတို့ သင်တန်းသားတွေကို သူ့အိမ်ကို ခေါ်သွားတယ်။ စားပွဲဝိုင်းမှာ ထိုင်တော့ ကိုကိုနဲ့ကြယ်လေးက မျက်နှာချင်းဆိုင်ထိုင်ပြီး စားရတာ။ ကြယ်လေးက ငရုတ်သီး ကြိုက်တော့ ငရုတ်သီး ထည့်စားတာပေါ့။ ကြယ်လေးက အစပ်အရမ်းကြိုက်တယ်လေ။ ဒါပေမယ့် ကြယ်လေး ငရုတ်သီး သီးသွားတယ်။ ကြယ်လေး မျက်နှာတစ်ခုလုံး ရဲနေမယ်ဆိုတာ ကြယ်လေး သိတယ်။ ကိုကိုနဲ့ မျက်နှာချင်းဆိုင်ဆိုတော့ ပိုဆိုးတာပေါ့။ ကြယ်လေးက ကိုကိုနဲ့ မျက်နှာချင်းဆိုင်ရမှာ အရမ်း ကြောက်တယ်လေ။ ကိုကို သင်တန်းမလာတဲ့အခါ ကြယ်လေး ပျင်းနေတတ်ပေမယ့် ကိုကိုလာတဲ့ အခါကျရင်လည်း ကိုကိုနဲ့ဝေးဝေးမှာပဲနေမိတယ်။ ကောင်းမလေးတစ်ယောက်ယောက်နဲ့ ကိုကို စကားပြောနေတာ မြင်တဲ့အချိန်ကြရင် ပိုပြီး ဝေးအောင်နေမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြယ်လေးက စိတ်တိုတတ်လို့လေ။
ဒီနေ့ ကြယ်လေးသင်တန်းသွားရတာ ခေါင်းသိပ်မကြည်ဘူး။ သင်တန်းခဏနားတော့ လင်းလက်နဲ့ ဂျူးဂျူးက canteen သွားဖို့ ကြယ်လေးကို ခေါ်တယ်။ ဒါပေမယ် ကြယ်လေးလည်း ခေါင်းနည်းနည်းမူးလို့ မလိုက်တော့ဘူးလို့ ပြောလိုက်တော့ သူတို့နှစ်ယောက်လည်း သူငယ်ချင်းသစ်တွေနဲ့ canteen ကို ထွက်သွားကြတယ်။ သူတို့လည်း ကြယ်လေး ခေါင်းမူးနေလို့ အမြန်ပြန်လာခဲ့ကြတယ်။ ဒါပေမယ့် သူတို့ပြန်ရောက်လာတော့ ကြယ်လေးကို သတင်းတစ်ခု ပြောပြတယ်။ ကိုကိုက ကောင်းမလေးတစ်ယောက်ကို လက်ဆောင်ပေးတယ်တဲ့။ ကြယ်လေးလေ ကိုကိုက အဲ့ဒီလို့လက်ဆောင်ပေးတတ်တဲ့ လူမျိုးလို့ တစ်ခါမှ မတွေးထားဘူးတော့ ကြားကြားချင်း အရမ်းအံ့သြသွားပြီး သူငယ်ချင်းနှစ်ယောက်ကို ဘာပြန်ပြောရမှန်း မသိတော့ဘူး။ သူ့စိတ်နဲ့ သူ့ကိုယ် လက်ဆောင်ပေးတာ ကြယ်လေးနဲ့ ဘာဆိုင်လဲ၊ အဲ့ဒီလို့ ပေးရလို့ ကိုကိုပျော်တယ်ဆိုရင် ပြီးတာပဲလို့ တွေးပေမယ့် မျက်ရည်တွေက စီးကျလာတယ်။ အဲ့ဒီနောက်ပို်င်း ကိုကိုကို့ ကြယ်လေးလေ ပိုရှောင်လာတယ်။ သင်တန်းလာရတာလည်း မပျော်ဘူး။ ဒါပေမယ့် ကိုကိုက ကြယ်လေးကို စကားလာပြောရင် ကြယ်လေးက စိတ်ဆိုးပြေသွားပြန်ရော။ ကိုကိုကတော့ ကြယ်လေးဘာဖြစ်နေ မှန်း မသိပဲ သူရဲ့အတန်းဖော်တစ်ယောက်အနေနဲ့ စကားလာပြောပြီး သူဘာသာသူနေတယ်။ အဲ့ဒါ ကိုပဲ ကြယ်လေးက ပျော်နေတာ။ ကြယ်လေးလေ သူငယ်ချင်းတွေနဲ့အတူ ကိုကိုကိုလည်း forward mail တွေ လုပ်မိပါတယ်။ ဒါပေမယ် ကိုကိုက တစ်ခါမှ မေးလ်ပြန်မပို့ခဲ့ဘူးလေ။ ကြယ်လေးလေ ကိုကိုများ မေးလ်ပို့ထားမလားဆိုတဲ့ အတွေးနဲ့ အမြဲတမ်းမေးလ်စစ်တယ်။ ဘာလိုလိုနဲ့ ခရစ္စမတ်နေ့တောင်ရောက်တော့မယ်နော်။ ခရစ္စမတ်နေ့မှာ ကိုကိုများ မေးလ်ပို့ထားမလားဆိုတဲ့ အတွေးနဲ့ ကြယ်လေးပိုပျော်တယ်။ ဒါပေမယ် ကိုကိုလေ ကြယ်လေးကို မေးလ်ပို့မထားဘူး။ ကြယ်လေးလည်း ကိုကို့ကို မပို့ဘူး။
Happy New Year ညလေးဟာ ကြယ်လေး ဘယ်တော့မှ မေ့မှာမဟုတ်တဲ့ ညလေးတစ် ညပေါ့။ အဲ့ဒီ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကိုကိုရဲ့ စက်မှာ CD ချပ်လေးတစ်ချပ်တွေ့လို့ ကြယ်လေး အတွက် လင်းလက်က ယူလာပေးတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ ၁၂ နာရီ ကျော်တဲ့အထိကို သူငယ်ချင်းတွေနဲ့ ပျော်ခဲ့ပါတယ်။ ဒါပေမယ့် ကိုကိုရဲ့ CD ချပ်ကို ကြည့်ပြီးတဲ့နောက်မှာ ကြယ်လေး ရဲ့ အပျော်တွေ အကုန်ပျောက်ကွယ်သွားတော့တယ်။ ကြယ်လေးရဲ့ ပါးပြင်နှစ်ဖက်မှာ မျက်ရည် တွေနဲ့ပဲ စိုရွဲနေတော့တယ်။ ကြယ်လေး ငိုနေပေမယ့် ကြယ်လေးရဲ့ သူငယ်ချင်းတွေက မသိကြပါဘူး။ သူတို့တွေလည်း ဆော့တာများပြီး ပင်ပန်းလို့ အိပ်နေကြပြီလေ။ ကြယ်လေးတစ် ယောက်တည်း မအိပ်နိုင်ပဲ မျက်ရည်တွေနဲ့ မိုးလင်းခဲ့ရတယ်။ ကိုကိုရယ် တစ်ခြားကောင်းမလေး တစ်ယောက်ရဲ့ ဓာတ်ပုံအကုန်နီးပါးလုံး ကိုကိုရဲ့ CD ချပ်ထဲမှာ ဘာလိုရှိနေရတာလဲ။ ဘာဖြစ်လို့ Folderကို '' ....... '' အဲ့ဒီလို့ နာမည်ပေးထားရတာလဲ။ ကိုကိုရယ် နောက်ဆိုရင် ကိုကိုနဲ့ပတ်သက်တဲ့အရာတိုင်းကို မေ့ပြီး အတန်းထဲမှာ မထားခဲ့ပါနဲ့နော်။ ကြယလေးက ကိုကိုနဲ့ ပတ်သက်တဲ့အရာတိုင်းကို အရမ်းသိချင်နေမိလို့ပါ။ သိရတိုင်းလည်း ကြယ်လေးပဲ နာကျင်ရတယ်။ ကြယ်လေးပဲ ငိုရတယ်။ ၀မ်းနည်းရတယ်လေ။
ကြယ်လေးတို့ သူငယ်ချင်းတွေ ဗေဒင်သွားတွက်ကြတယ်။ ဗေဒင်ဆရာက ကြယ်လေးကို ဘုရားမှာ နှင်းဆီပန်း မလှူရဘူးတဲ့။ ဒီနှစ်ထဲမှာ ကြယ်လေးအတွက် အသက်အန္တရာယ် ထိခိုက်နိုင်တယ်တဲ့။ ကိုကိုလည်းအတူတူပဲ။ ရုတ်တရက် accidence ဖြစ်မယ်တဲ့။ ကိုကို့အတွက် ဘုရားမှာ စာကလေး သက်စေ့လွှတ်ပေးရမယ်။ နှင်းဆီပန်းလှူရမယ်တဲ့။ အဲဒီ့ယတြာကို ကိုကို့မွေးနေ့မှာချေရမှာတဲ့။ အဲဒါမှပြသနာ။ ကြယ်လေးက ဘုရားမှာနှင်းဆီပန်းမလှူရဘူးတဲ့။ ဒါပေမယ့် ကိုကို့အတွက်က ပိုအရေးကြီးတယ်လေ။ ရှေ့အပတ်ထဲမှာ ကိုကိုက နိုင်ငံခြားသွားမှာဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုကို့အတွက်တော့ ကြယ်လေး ယတြာချေပေးရမယ်။
ကိုကို့မွေးနေ့မှာ ကြယ်လေးလည်း လင်းလက်နဲ့ ဘုရားကိုလာခဲ့တယ်။ ဂျူးဂျူးကတော့ မအားလို့မလိုက်ဖြစ်ဘူးလေ။ ကိုကို့အတွက် ဘုရားမှာနှင်းဆီပန်းလှူပေးတယ်။ စာကလေး သက်စေ့လွှတ်ပေးဖို့ပဲကျန်တော့တယ်။ ကြယ်လေးနဲ့လင်းလက်လေ စာကလေး ရောင်းတဲ့အသည်လိုက်ရှာပေမယ့် ဘယ်မှာမှ ရှာမတွေ့ဘူ့းဖြစ်နေတယ်။ ဒီနေ့မှ စာကလေးရောင်းတဲ့အသည်တွေ ဘယ်ရောက်နေမှန်းမသိတော့ပါဘူး။ ဟော-------- ဟိုမှာတွေ့ပါပြီ။ စာကလေးငှက်ရောင်းတဲ့အသည်ကို ကားလမ်းတစ်ဖက်မှာ။
ကိုကိုအတွက် စာလေးငှက် (၂၉) ကောင်းကို ၀ယ်လိုက်တယ်။ ကြယ်လေးက လိုချင်တာတစ်ခုရပြီဆိုရင် အရမ်းပျော်တတ်တဲ့ အကျင့်ရှိပြီး ပတ်ဝန်းကျင်ကိုလည်း မေ့သွားတတ်တယ်။ အခုလည်း ကြယ်လေးလိုချင်တာ ရပြီဆိုတော့ ငှက်ကလေးတွေ လွှတ်ဖို့ ကားလမ်းတစ်ဖက်မှာရှိတဲ့ ဘုရားကို သွားဖို့ပဲ စိတ်ကူးရှိတယ်။ ပြီးတော့ ကားလမ်းကိုပြေးကူးခဲ့တယ်။ လင်းလက်က ကြယ်လေး မကူးနဲ ဦးလို့ လှမ်းတားတယ်။ ဒါပေမဲ့မမှီတော့ဘူးလေ။ ဒုန်း..ဆိုတဲ့အသံပဲ လင်းလက်ကြားလိုက်ရတယ်။
ကြည့်လိုက်တော့ ကြယ်လေးက သွေးအိုင်ထဲမှာ လဲနေတယ်။ ကြယ်လေးလေ ကိုကိုအတွက် ယတြာမပြီးမှာ အရမ်းကြောက်နေတယ်။ သွေးအိုင်ထဲကနေ ကြယ်လေးက ငှက်ခြင်းလေးယူပေးဖို့ လင်းလက်ကို ပြောနေတယ်။ လင်းလက်အရမ်းကို စိတ်ထိခိုက်သွားတယ်။ သူငယ်ချင်းအတွက်လည်း အရမ်းစိတ်မကောင်းဖြစ်နေတယ်။ လင်းလက် ငှက်ခြင်းလေးကို ယူပေးလိုက်တယ်။ ကြယ်လေးသူငယ်ချင်း ကြယ်လေးအတွက် ဘယ်လောက်ထိ စိတ်ထိခိုက်နေတယ်ဆိုတာ ကြယ်လေးသိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းရယ် ငါကိုနားလည်ပေးပါနော်။ ကိုကို့ကိုယ်လည်း မမုန်းပါ နဲ့နော်လို့ ကြယ်လေးပြောချင်ပေမဲ့ အသံမထွက်ခဲ့ဘူး။ လင်းလက်က ငှက်ခြင်းလေးကို ကိုင်ထားပေးတယ်။ ကြယ်လေးငှက်ခြင်းကို အာယူပြီးဖွင့်လိုက်တယ်။ ဒါပေမဲ့ ငှက်ခြင်းလေးက ပွင့်မလာခဲ့ ပါဘူး။ လင်းလက်က ငှက်ခြင်းလေးကို ကူပြီး ဖွင့်ပေးခဲ့တယ်။ ကြယ်လေးလေ ကိုကို့အတွက် ယတြာမပြီးမှာ အရမ်းစိတ်ပူမိတယ်။ အခုငှက်ခြင်းလေး ပွင့်သွားပြီ .....ထို့အတူ ကြယ်လေးလည်း........................................................။
အခုဆိုရင် ငှက်လေးတွေပြန်သွားတာ ၂၉ ကောင်ပြည့်သွားပြီ အဲ့ဒီငှက်ကလေးတွေရဲ့ နောက်မှာ ငှက်ဖြူလေးတစ်ကောင်ကို တွေ့လိုက်တယ်။ လင်းလက်လည်း မျက်ရည်စိုရွဲနေတဲ့ ပါးနှစ်ဖက်ကို သုတ်ရင်း အဲ့ဒီငှက်ဖြူလေးကို နာကျင်စွာနဲ့ ကြည့်နေမိတယ်။ ငှက်ဖြူလေး ဘယ်ကို ပျံသန်းသွားမယ်ဆိုတာ သူသိနေတယ်လေ။ ....ကြယ်လေးရယ် နင်ပြောသလို ကြယ်လေးတွေ ကြွေနေတာကို မြင်ရရင်ဆုတောင်းပြည့်မယ်ဆိုရင်လည်း နင့်အတွက်ငါဆုတောင်းပေးချင်ပါတယ် ဟာ။ နင်ဘယ်တော့မှ ဒီလို အဖြစ်မျိုးနဲ့ မကြုံတွေ့ပါစေနဲ့သူငယ်ချင်းရယ်။ ငါအမြဲဆုတောင်း ပေးနေမှာပါဟာ။ နင့်ကိုကိုကတော့လေ ကြယ်လေးတစ်ပွင့်ကြွေတာကို ဘယ်တော့မှ သတိထားမိမှာမဟုတ်ပါ ဘူးလေ။ ဘာဖြစ်လိုလဲဆိုတော့ ကြယ်တွေကများလွန်းလို့လေ။။

Monday, January 5, 2009

ပိုင်ဆိုင်ခွင့်


မင်းမချစ်ရင်လည်း အဝေးက ကြည့်နေရုံပဲပေါ့
ငါကို ချစ်ပါလို့ ပြောခွင့်မှ မရှိတာ
မင်းမုန်းရင်လည်း အဝေးက ချစ်နေရုံပဲပေါ့
ငါကို မမုန်းပါနဲ့လို့ တားခွင့်မှ မရှိတာ
မင်းသတိမရရင်လည်း အဝေးက တမ်းတနေရုံပဲပေါ့
ငါကို သတိရပါလို့ ပြောခွင့်မှ မရှိတာ
မင်းဂရုမစိုက်၊ လျစ်လျူရှူထားရင်လည်း အဝေးက တောင်းတနေရုံပဲပေါ့
ဂရုစိုက်ပါ၊ လျစ်လျူမရှူပါနဲ့လို့ တောင်းဆိုခွင့်မှ မရှိတာ
ချစ်ခြင်းတစ်ခုမှာ
ပိုင်ဆိုင်ခြင်းတွေ ရှိမယ်ဆိုတာ
ငါ ယုံကြည်တယ်လေ
တရားဝင်ပိုင်ဆိုင်ခွင့် မရှိတောင်
ငါရဲ့စိတ်ကူးတစ်ခုမှာ
ငါဟာ မင်းရဲ့ချစ်သူ ဖြစ်ခွင့်ရှိလေရဲ့
အဲ့ဒီမှာ အမုန်းမရှိဘူး
လွမ်းခြင်းတော့ ရှိမှာပေါ့
မင်းမှ မရှိတာ......။
ဆောင်းနှင်းဖြူ