Wednesday, November 18, 2009

နားလည်မှုနဲ့အလှဆင်မယ်

ကျွန်မတို့ လူ့လောက၊ လူ့ဘောင်တွင် နေထိုင်ကြသူများအနေဖြင့် လူမှုဆက်ဆံရေးနှင့်ပတ်သက်ပြီး အထင်လွဲ၊ အမြင်လွဲစရာများ ကြုံရတတ်ပါသည်။ တစ်ခါတစ်လေ တစ်ဖက်လူမှ ဘာမှမသိရပဲ အထင်လွဲစရာ များ ဖြစ်သွားသည်လည်းရှိပါသည်။ အထူးသဖြင့် လမ်းသွားရင် သူငယ်ချင်းများနှင့်ဆုံကြသည့်အခါမျိုးတွင် ထိုအထင်လွဲစရာများ ဖြစ်လာရပါသည်။ သူကလည်း သူ့အတွေးနှင့် သူလာနေတဲ့အချိန်မျိုးမှာ ကိုယ်က နှုတ်ဆက်လိုက်တဲ့အခါ ပြုံးပြဖို့ မေ့နေကောင်း မေ့နေလိမ့်မယ်။ ဒါမှမဟုတ် ရုပ်တည်ကြီးနှင့် ပြန်ကြည့်နေ ကောင်း ကြည့်နေလိမ့်မယ်။ ထိုအခါမျိုးတွင် နှုတ်ဆက်သူ၏စိတ်ထဲမှာ ငါကတော့ ကိုယ့်သူငယ်ချင်းတွေ့လို့ ဝမ်းသာအားရနဲ့ နှုတ်ဆက်လိုက်ရတာ၊ သူမှာတော့ ပြန်ပြုံးပြဖော်တောင် မရဘူးဆိုပြီး အထင်လွဲစရာများ ဖြစ်သွားသည့်အပြင် သူငယ်ချင်းအချင်းချင်း အဖုအထစ်များရှိသွားတတ်ပါသည်။ ထိုသို့ကြုံလာခဲ့မည်ဆိုလျှင် သူတို့ရဲ့ စိတ်ထဲမှာ၊ သူတို့ရဲ့အနက်ရှိုင်းဆုံးနေရာမှာ နာကျင်မှု၊ ဝမ်းနည်းမှု၊ သောကတွေ ရှိနေလို့ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်လို့ နားလည်ပေးလိုက်ပါ။ ကိုယ့်ကိုယ်တိုင်လည်း တစ်ခါတစ်လေ အဲဒီလို ဖြစ်မိကောင်း ဖြစ်ခဲ့မယ်လို့ တွေးပေးပါ။

တစ်နေပေါ့ ကျွန်မဝယ်စရာလေးရှိတာနဲ့ City Market သို့ထွက်လာခဲ့တယ်။ ကျွန်မလည်း လိုအပ်တာ လေးတွေဝယ်ပြီး ငွေရှင်းဖို့ ကောင်တာကို လာခဲ့တယ်။ ဒါပေမဲ့ ကောင်တာမှာ လူတွေများနေလို့ တန်းစီနေရ တယ်။ အဲဒီလို တန်းစီနေချိန်မှာ ကောင်တာမှာရှိတဲ့ အရောင်းစာရေးမလေးတစ်ယောက်ဟာ ဈေးဝယ်သူတွေကို လုံးဝမပြုံးပြဘူး။ ယဉ်ယဉ်ကျေးကျေးဆက်ဆံလည်း သူက စကားပြန်မပြောဘူး။ ကျွန်မအနေနဲ့ ငါ့အလှည့် ရောက်ရင်တော့ ဈေးဝယ်တဲ့သူတွေကို ဘာထင်လဲလို့ သူကိုပြောပစ်လိုက်မယ်လို့ တွေးနေမိတယ်။ ဒါပေမယ့် ကျွန်မရှေ့မှာရှိနေတဲ့အန်တီကြီးက သူမကို ချဉ်းကပ်သွားတာ တစ်မျိုးပဲ။ သမီးလေး ကြည့်ရတာ တစ်နေကုန် ပင်ပန်းနေပုံရတယ်လို့ စကားစ၍ အန်တီကြီးက ပြောလိုက်တယ်။ သူမက မျက်ရည်လေးဝဲပြီး မနေ့ကပဲ သမီးရဲ့အမျိုးသားအလုပ်ပြုတ်သွားတယ်။ ဒီနေ့သမီးမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိရတယ်လို့ ပြန်ပြောခဲ့ တယ်။ သမီးရယ်… ဝမ်းနည်းမနေပါနဲ့။ သူ့ဟာသူဖြစ်သွားမှာပါ။ မပူပါနဲ့လို့ အန်တီကြီးက အားပေးနှစ်သိမ့် ခဲ့တယ်။ ကျွန်မအလှည့်ရောက်တဲ့အခါ အရောင်းစာရေးမလေးရဲ့ မျက်နှာကို ကြည့်လိုက်တော့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်နေပေမယ့် ကျွန်မကို ပြုံးပြနေတယ်လေ။ ကျွန်မလည်း စောစောက ကျွန်မရဲ့စိတ်စောမှု၊ သည်းမခံတတ်မှုတွေကို တွေးမိပြီး ရှက်နေမိတယ်။ လူတွေဟာ တစ်စုံတစ်ယောက်ရဲ့အားပေးနှစ်သိမ့်မှုကို အမြဲတမ်းလိုအပ်နေတယ်ဆိုတာ ကျွန်မသိလိုက်ရတယ်။ လူတွေဟာ သူတို့ရဲ့ဘဝမှာ ဝမ်းနည်းစရာ၊ နာကြည်း စရာများ ကြုံနေတဲ့အချိန်မှာ အရာတိုင်းကို လျစ်လျူရှုမိတတ်ကြတယ်။ လူတွေဟာ ငါ့ကို ဒုက္ခပေးချင်လို့ ရိုင်းစိုင်းပြီး သိမ်ဖျင်းနေကြတာ မဟုတ်ဘဲ သူတို့ပြဿနာနဲ့၊ သူတို့အပူနဲ့၊ သူတို့သောကနဲ့ ခံစားနေကြရလို့ မပြုံးနိုင်ကြကြောင်း အသိတရားပေးလိုက်တယ်။ Supermarket မှာ မျက်နှာရှစ်ခေါက်ချိုးနဲ့ လမ်းလျှောက်နေတဲ့ အန်တီကြီးဟာ သူ့သားရဲ့ ဂျီကျမှုကို ခံနေရလို့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ အမျိုးသမီး တစ်ဦးကို မြင်ရတဲ့အခါ ဘိုင်အိုစီ(Biopsy) စမ်းသပ်စစ်ဆေးခံထားရလို့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ရိုင်းစိုင်းသောယဉ်မောင်း တစ်ဦး၏ အပြုအမူဟာ သူ့ဆွေမျိုးတစ်ယောက် အရေးပေါ်ဆေးရုံပို့လိုက်ရလို့ အမြန်မောင်းသွားတာဖြစ် ကောင်း ဖြစ်နိုင်တယ်။ Supermarket ထဲမှာ ကလေးတစ်ယောက်နဲ့ အော်ငိုနေတဲ့ အမျိုးသမီးဟာ ကျွန်မရဲ့ အပြုံးနှင့် ကျွန်မရဲ့ကြင်နာတဲ့စကားသံတွေကို လိုနေလို့ဖြစ်ကောင်းဖြစ်လိမ့်မယ်။ တစ်နေ့လုံးမှာ ဒီတစ်ကြိမ်ပဲ ချိုသာသောအသံနှင့် အပြုံးကိုရရှိတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

လူတိုင်းလူတိုင်းမှာအခက်အခဲကိုယ်စီရှိသလို၊ မတူညီတဲ့ စိတ်သောကတွေလည်းရှိတတ်ကြပါတယ်။ ပြည်စုံပါတယ်လို့ပြောရတဲ့သူမှာတောင် စိတ်ဆင်းရဲမှုတစ်ခုရှိနေတတ်ပါတယ်။ တစ်ခါတစ်ရံ အခန့်မသင့်လို့ အမှားတစ်ခုလုပ်မိကြရင် နားလည်မှုထားပြီးခွင့်လွှတ်ပေးစေချင်ပါတယ်။ လူတိုင်းဘယ်သူမှ အမှားမကင်းကြပါ ဘူး။ လူတိုင်းတစ်ဦးအပေါ်တစ်ဦးနားလည်မှုထားပြီး ဆက်ဆံကြည့်စေချင်ပါတယ်။ နားလည်မှုတည်ဆောက် ခြင်းဟာ မလွယ်ကူပေမဲ့ ကြိုးစားကြည့်စေချင်ပါတယ်။ သူငယ်ချင်းတို့ရေ… နားလည်မှုတွေနဲ့ ကမ္ဘာကြီးကို အလှဆင်ကြပါစို့လား။ ။

ဆောင်းနှင်းဖြူ

No comments: